Labels

Wednesday, January 15, 2020

Snooker Championship 2020 ပြိုင်ပွဲကိုဒုတိယအကြိမ် ကျင်းပမည် - ဇန်နဝါရီ ၁၅ရက်

" Snooker Championship 2020 "ပြိုင်ပွဲကိုဒုတိယအကြိမ်အဖြစ်Urban Cue Billiards and Snooker Club မှကြီးမှုး၍ ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်မြို့ ၄၈ လမ်းရှိ Urban Asia Center ၌ ကျင်းပမည်ဖြစ်​ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီ ၁၅ရက် ညနေပိုင်းက ရန်ကုန်မြို့ ၄၈ လမ်းရှိ Urban Asia Center ၌ ပြုလုပ်ခဲ့ပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ‌စေရန် ရည်ရွယ်၍ 
ကျင်းပခြင်းဖြစ်​ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် ကစားသမားများအား အသက်အရွယ် ကန့်သတ်ထားခြင်းမရှိဘဲ အလွတ်တန်း အမှတ်အကျောပေး စနစ်ဖြင့် အတန်း‌လေးတန်းခွဲကာ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဝါသနာရှင်မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး လက်ရွေးစင်ကစားသမားများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
"ပြိုင်ပွဲမှာ အတန်းလေးတန်းခွဲတာက လက်ရွေးစင် ကစားသမားတွေရော ရွက်ပုန်းသီး ကစားသမားတွေလည်း ပါမှာဆိုတော့ အတန်းလေးတန်း ခွဲလိုက်တယ်။ တစ်တန်းကို ၁၅ မှတ်ကွာသွားမယ်။ တစ်အတန်းကတော့ အမြင့်ဆုံးပေါ့။ တစ်နဲ့ နှစ်တွေ့ရင် ၁၅ မှတ်၊ တစ်နဲ့သုံးတွေ့ရင် ၃၀ မှတ်၊ တစ်နဲ့ လေးတွေ့ရင် ၄၅ မှတ်ဆိုပြီး အတန်းမြင့်တဲ့သူက အမှတ်ကျောပေးစနစ်နဲ့ ယှဉ်ပြိုင်သွားမှာပါ"ဟု မန်နေဂျာ ကိုဟိန်းလွင်မိုးက ရှင်းလင်း​ပြောပြသည်။
အဆိုပါ စနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆုကြေးများအဖြစ် ချန်ပီယံဖြစ်သူအား ကျပ် ၂၅ သိန်း၊ 1st Runner up ကျပ် ၁၅ သိန်း၊ 2nd Runner up အား ကျပ် ၁၀ သိန်း အပြင် အထူးဆုအ​နေဖြင့် 147 ဟုခေါ်သည့် Maximum Break ကို ထိုးနိုင်မည့် ရမှတ်အများဆုံးရ ကစားသမားကို ကျပ် သိန်း ၅၀ ချီး မြင့်သွားမည်ဖြစ်သည်။
ဝင်​ရောက်ယှဥ်ပြိုင်လိုသူများအနေဖြင့် ဝင်​ကြေး ကျပ်နှစ်​သောင်း​ပေးသွင်းရမည်ဖြစ်ပြီး နိုင်ငံခြားသားများဝင်​​ရောက်ယှဥ်ပြိုင်လိုပါက အ​မေရိကန်​ဒေါ်လာ ၃၀ ​ပေးသွင်းရမည်ဖြစ်​သည်။ ရန်ကုန်မြို့မှ လျှောက်ထားသူများအတွက် ဇန်နဝါရီ ၂၈ ရက်နှင့် နယ်မြို့များမှ လျှောက်ထားသူများအတွက် ဇန်နဝါရီ ၂၆ ရက်အထိ နောက်ဆုံးသတ်မှတ်ကာ Urban Cue ဆိုင်ခွဲတိုင်းနှင့် နယ်မှဘိလိယက် စင်တာများတွင် စာရင်းပေးသွင်း လျှောက်ထားနိုင်ပြီး နယ်မှကစားသမားများအတွက် နေစရာအဆောင် အခမဲ့ စီစဉ်ပေးမည်ဖြစ်သည့်အပြင် စပွန်ဆာရရှိမှုအ​ပေါ်မူတည်၍ ဆု​ကြေးများ ထပ်တိုး​ပေးရန်အစီစဥ်ရှိ​ကြောင်း သိရသည်။
အဆိုပါ စနူကာပြိုင်ပွဲအား ယမန်နှစ်က အနယ်နယ်အရပ်ရပ်မှ စနူကာကစားသမား အယောက် ၈၀ ကျော်၀င် ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သီရိနွယ်(သတင်း၊ဓါတ်ပုံ)

No comments:

Post a Comment